သင်္ချာပုစ္ဆာတွေတွက်တဲ့အခါ အဖြေကြိုမသိတဲ့အကြောင်းအရာတွေကို မသိကိန်း x တို့  y တို့ ထားပြီး တွက်ရတဲ့အခါရှိတယ်... အဲဒီ လို x တွေ y တွေကိုမှ လက်မခံနိုင်ရင် ဒီပုစ္ဆာ ဟာ ဘယ်လိုမှ ဆက်တွက်လို့ မရတော့ဘူး..." ဒါပေမယ့် သေချာတာက ကိုယ်တွက်တဲ့ သီအိုရီရဲ့  equation တွေဟာ x နဲ့ y နဲ့ကို တချိန်မှာ ပြန်သိနိုင်ရမယ့် သီအိုရီဖြစ်ဖို့ တော့လိုတယ်..." အဲဒီလို မသိကိန်းထားတွက်ရတဲ့ပုစ္ဆာကို သူငယ်တန်းကလေးတွေမှာ သွားသင်ပေးလို့ မရဘူး.... သူတို့ က အဲဒီလို ခြွင်းချက်လေး ခဏထားပေးရမယ်ဆိုတာကို လက်မခံနိုင်ဘူး ... သဘောထားမကြီးပေးနိုင်ဘူး...သူတို့ မှီတဲ့ဥာဏ်လေးနဲ့ တိုက်ရိုက်တွေးနေတာကိုး ... အဲဒါကို မရင့်ကျက်ဖူးလို့ ခေါ်တယ်... အဆင့်မြင့်တဲ့ ပုစ္ဆာတွေမှာ မသိကိန်းတွေပိုများလာတယ်…. ကဲ ဘယ်လိုမသိကိန်းတွေလဲ…
တကယ်တော့ ဘ၀မှာ မသိကိန်းတွေက တော်တော်များပါတယ်… ကိုယ့်ရဲ့ ဥာဏ်က အရာရာကို သိနိုင်တဲ့ဥာဏ်၊ ပြီးတော့ ဘယ်တော့မှ မမှားတက်တဲ့ဥာဏ်လို့ လက်ခံရင်တော့ မသိကိန်းဆိုတာ မလိုတော့ ဘူးပေါ့… အဲလိုမှမဟုတ်ရင် မသိကိန်းကို လက်ကို လက်ခံရပါမယ်… ဒီနေရာမှာ မသိကိန်းကို ဘယ်လိုရှာဖွေကြမလဲ… ကိုယ်မှန်တယ်ထင်တဲ့သီအိုရီနဲ့ အဲဒီမသိကိန်းကို ထည့်တွက်ရှာဖွေဖို့ ပဲရှိပါတယ်…
အဲဒီတော့လူတွေမှာ မသိကိန်းကိုရှာတဲ့ သီအိုရီတွေ ၊ အယူအဆ တွေ ၀ါဒတွေဆိုတာရှိလာကြတာပေါ့ … နောက်ဘ၀ရှိမရှိ၊ သံသရာရှိမရှိ၊ သေဆုံးခြင်းရဲ့ အခြားမဲ့မှာဘာတွေဖြစ်မလဲ၊ ရှင်သန်မွေးဖွားခြင်းမတိုင်မီ ဘာတွေဖြစ်ခဲ့လဲ… အဆုံးမရှိသုခဘုံ၊ ပြန်လမ်းမရှိတဲ့ ငရဲ ဘုံ စသဖြင့် တွေးတောကြံစည်မူမသိကိန်းတွေဟာ လူသားရဲ့ ဥာဏ်ရည်စတင်ဖွံ့ ဖြိုးလာကထည်းက တွေးတောတွက်ချက်လာခဲ့တဲ့ … အဖြေရှာလာခဲ့တဲ့ ရေပန်းအစားဆုံး မသိကိန်းတွေပါပဲ…
အဲဒီမသိကိန်းတွေကို ဖော်ထုတ်မယ့်သီအိုရီကို ရှေးခေတ် ဆာဒူးကြီးတွေကစလို့  ဟောပြော သင်ကြားမူတွေစလာခဲ့ကြတာ ဗုဒ္ဓရှင်တော်ကလည်း ဒီမသိကိန်းကိုပဲ ဖော်ထုတ်သွားခဲ့ပါတယ်… ထိုအတူ ခရစ်တော်ကလည်း ဒီမသိကိန်းကို အဖြေရှာပေးသလို မိုဟာမက်သည်လည်းပဲ ဒီမသိကိန်းတွေကိုပဲ သိအောင်ပြောသွားတာပါပဲ… ရှာတာကတော့ x နဲ့  y…ဒါပေမယ့် သီအိုရီတွေမတူတော့ equation အရ တွက်ချက်ပုံတွေတော့ မတူကြဘူးပေါ့….
ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောတာကမှ လွယ်ပါသေးတယ်.. ဒီမသိကိန်းတွေရဲ့ ရာဇ၀င်ကို ဘယ်သက်သေတွေနဲ့ ဘယ်လိုကိုင် ဘယ်လိုများပြောကြမှာလဲ… ဒီမသိကိန်းတွေရဲ့  အမှန်တရားကိုသတ်မှတ်ရာမှာ ကမ္ဘာကုလသမဂ္ဂမှာဆုံးဖြတ်ကြသလို ထောက်ခံသူအများဆုံးအရာကို အမှန်လို့ သတ်မှတ်မှာလား … ဒါလည်းမဟုတ်သေးဘူး … ကမ္ဘာပေါ်မှာ ကိုးကွယ်ယုံကြည်မှုအမျိုးမျိုး… များလိုက်ကြတဲ့ သီအိုရီတွေ…
ကဲ….ဒါဆို လူဆယ်ဦးလောက်ကိုကျဘမ်းရွေးပြီး အဲဒီမသိကိန်းတွေအကြောင်းဆွေးနွေးကြည့်ရင် သူတို့ တွက်နေတဲ့ သီအိုရီတွေအပေါ်မူတည်ပြီး အဖြေကိုအမျိုးမျိုးပေးကြမှာပါပဲ… Atheism တဦးအတွက်ဆိုရင်တော့ သိပ္ပံနည်းကျ သူယူဆတာတွေ၊ ခရစ်ယာန်တဦးကိုမေးရင် ကောင်းကင်ဘုံအကြောင်းတွေ၊ ဗုဒ္ဓဘာသာဝင်တဦးကိုမေးရင် ၃၁ ဘုံနဲ့  သံသရာအကြောင်းတွေ.. အဖြေတွေစုံနေမှာ အမှန်ပါပဲ… တကယ်တော့အများစုပြောကြတာတွေဟာ သူတို့ ကိုယ်တိုင်ရှာဖွေတွေ့ ရှိထားတာထက် သူတို့ ယုံကြည်ကိုးကွယ်တဲ့ သီအိုရီကို ဖော်ထုတ်ပေးကြတဲ့သူတွေရဲ့ အာဘော်ကို သံယောင်လိုက်ပြီးပြောကြတာများပါတယ်… အဲဒီတော့ သံယောင်လိုက်ပြောဆိုသူတွေဟာ ကိုယ်တွေ့ တရားတွေ၊ ကိုယ်တွေ့ အသိတွေမဟုတ်တဲ့အတွက် ပိုင်ပိုင်နိုင်နိုင် စီးစီးပိုင်ပိုင်မပြောနိုင်ကြသလို ၊ ခေတ်ကာလာအခြေအနေ၊ ပြောသူ၊ နားထောင်သူရဲ့  ဥာဏ်ရည်တွေပေါ်မူတည်ပြီး မူလသီအိုရီနဲ့ ကွဲလွဲမူ ၊ ချဲ့ ကား ကွန့် ညွန်မူတွေကတော့ ရှိလာမှာပေါ့… ဒါပေမယ့် အပင်တပင်ဟာ အရွက်ကြွေလို့ ရတယ် အပင်သေလို့တော့ မရဘူး … အပင်သာ တကယ်သန်ရင် ၊ တကယ်မှန်ရင် ရွက်ဟောင်းတွေကြွေသွားလည်း ရွက်သစ်ကတော့ ဝေမှာပါပဲ… အဲဒါကြောင့်ပဲ ကမ္ဘာဘာသာကြီးများဟာ ပြောင်းလဲမူ ၊ အငြင်းပွားမူ ၊ ဂိုဏ်းကွဲမူ စတဲ့ အဓိကရုဏ်းကြီးများနဲ့ ကြုံဆုံခဲ့ရသည့်တိုင် ယနေချိန်ထိ မယိုင်မလဲ တည်ရှိနေခြင်းပါပဲ…
ကဲဒီလိုဆိုရင်ဖြင့် ယခုလက်ရှိ သိရှိလက်ခံနေရတဲ့ သီအိုရီတွေဟာ နှစ်ကြာတာကလည်း တကြောင်း၊ ကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့သူတွေမဟုတ်တာကလည်းတကြောင်းဆိုတော့ သူတို့ ရဲ သီအိုရီကို လက်ခံကြတဲ့ တစုံတယောက်ကို အဲဒီသီအိုရီနဲ့ ပါတ်သက်တဲ့ အကြောင်းဆွေးနွေးတဲ့အခါ အားနည်းချက်(၀ါ) မရှင်းပြနိုင်တဲ့အချက် ဆိုတာကိုတော့ ကျိန်းသေပေါက်ရှာတွေ့ ကြမှာပါ… ဒီအရာကိုဖိနင်းပြီး ဒီသီအိုရီလုံးဝမှားပါတယ်လို့ ငြင်းရင်တော့ ဒီနေရာမှာ စဉ်းစားစရာတွေအများကြီးပေါ်လာနိုင်ပါတယ်… ဗုဒ္ဓပွင့်ထွန်းစဉ် က ခေတ်ပြိုင် ဘုရားလို့ ခေါ်ဝေါ်သမုတ်ကြတဲ့ ပညာရှင်ကြီးတွေလည်း ပေါ်ထွန်းခဲ့သလို ထိုထို ပုဂ္ဂိုလ်များဟာလည်း ဗုဒ္ဓနဲ့ စကားစစ်ပြိုင် ခဲ့ကြတာတွေ ရှိခဲ့ပါတယ်… ထိုနည်းတူစွာ ခရစ်တော်ဟာလည်း မလွယ်ကူတဲ့ သာသနာပြုလမ်းကြောင်းမှာ မိမိအသက်နဲ့တောင်သက်သေပြပေးခဲ့ရပါတယ်... မိမိတွေ့ ရှိတဲ့အမှန်တရားကို မစွန့် နိုင်တဲ့အတွက် အဆိပ်သောက်ခဲ့တဲ့ သိပ္ပံပညာရှင်ကြီးတွေ ၊ အတွေးအခေါ်ပညာရှင်ကြီးတွေ၊ ရူးကြောင်းကြောင်နတ်ဆိုးလို့ သမုတ်ခံခဲ့ရတဲ့ ဒါဝင်တို့ လို ပညာရှင်ကြီးတွေဟာလည်း မနည်းမနောပါပဲ… အဲဒီတော့ ဒီအားနည်းချက်တွေကိုသာ လိုက်ရှာနေတဲ့သူတဦးဖြစ်ခဲ့မယ်ဆိုရင်တော့ …. တကယ်လို့ များ သက်ရှိထင်ရှား ဗုဒ္ဓရှင်တော်နဲ့ တွေ့ ခွင့်ရရင်၊ ခရစ်တော်ရဲ့ ကြီးမားတဲ့မေတ္တာတော်နဲ့ သာ ထိတွေ့ ခွင့်ရရင် ဒီအားနည်းချက်တွေဟာ အရေးမပါဖြစ်သွားနိုင်တယ်ဆိုတဲ့အချက်ကိုတော့ ငြင်းလို့ ရမှာ မဟုတ်ပါဘူး…
ကဲ…ဒီနေရာမှာ မသိကိန်းထားတွက်ချက်မူဆိုတာ ဘာကိုပြောတာလဲ… မိမိကြိုက်ရာသီအိုရီတခုခုကိုရွေးလိုက်ပါ… နောက်အဲဒီသီအိုရီက ခိုင်းတဲ့အဆင့်တိုင်းကို လေးလေးစားစား လိုက်လုပ်ပါ… အဖြေထွက်လာတဲ့အထိ ရှာပါ… သေချာတာက သီအိုရီတိုင်းမှာ မသိကိန်းတွေပါနေတယ်ဆိုတာပါပဲ…
ဟုတ်ကဲ့ ကျွန်တော်က ဘယ်သီအိုရီကိုမှ မရွေးဘူး … ဘယ်သူ့ ကိုမှ မကိုးကွယ်ဘူး .. ကိုယ့်ကိုကိုယ်ပဲယုံပါတယ်လို့ ပြောလာခဲ့ရင်လည်း ရပါတယ်… ဒါဆိုလက်တွေ့ သမား ၊ သိပ္ပံနည်းကျ ယုတ္တိ၇ှိတာကိုတော့လက်ခံတယ်ပေါ့… တကယ်တော့သိပ္ပံပညာဟာ လောကကြီးတခုလုံးရဲ့ ဖြစ်ပျက်မူ ၊ ကြောင်းကျိုးဆက်စပ်မူအားလုံးကို ချွင်းချက်မရှိသိရှိပါပြီလို့  ပြောနိုင်ပါရဲ့ လား ၊ ယနေ့ သိပ္ပံက အဖြေရှာမရတဲ့ စိတ်နယ်လွန်ဖြစ်ရပ်တွေ၊ သဘာဝလွန်ဖြစ်ရပ်တွေ စတာတွေမှာ မတက်သာလို့ နှာစေးထားရတဲ့ အပိုင်းတွေ အပုံအပင်၊ ထုနဲ့ ဒေး… ကဲ ဒါတွေကျတော့ ဘယ်လိုရှင်းမှာလဲပြောရင် ၊ ဒါတွေဟာ Atheism တွေအတွက် မသိကိန်းတခုပါ၊ ကိုယ်မှန်တယ်ထင်တာကိုယ်ဆက်လက်လုပ်ကိုင်ရင်း၊ အကောင်းဆုံးဖြစ်တဲ့ ကိုယ်ကျင့်တရားလမ်းစဉ်ကို မိမိသတ်မှတ်ထားတဲ့စံနှုန်းအတိုင်းလူသားဆန်စွာနေထိုင်ရင်း၊ ဘ၀ကိုမသိကိန်းများနဲ့ ဖြတ်ကျော်သွားတာပါပဲ…ဘယ်ဘာသာကိုမှ ကိုးကွယ်ခြင်းမရှိတဲ့ဆရာတယောက်ပြောသလိုပေါ့… အခုနေ ရွေတီဂုံဘုရားကြီး မိုးပေါ်ပျံပြတောင် သူအနေနဲ့ မသိနိုင်တဲ့အကြောင်းအကျိုးတခုခုကြောင့်ပဲလို့ ယူဆမယ်… အများပြောကြတဲ့ တန်ခိုးဆိုတာ မယုံဘူးလို့ ဆိုလာပါတယ်… အဲဒီ မသိနိုင်တဲ့အကြောင်းအကျိုးဆိုတာ သူအတွက် မသိကိန်းပါ…. ဒီမသိကိန်းတွေရှိနေလို့သာ သူရဲ့ သီအိုရီဟာ ဘ၀နေထိုင်ဖို့ အတွက်အံဝင်သွားတာလို့ပဲဆိုပါရစေ…
ကဲဒါဖြင့်ရင်ကျန်တဲ့ဘာသာတွေမှာရော… ခရစ်ယာန်ဘာသာဝင် ၊ အစ္စလမ်ဘာသာဝင်များအတွက် ကမ္ဘာဦးရဲ့ အကြောင်းအရာတွေဟာ တကယ်တော့ မသိကိန်းအဖြစ် အစားထိုးထားတဲ့အရာများသာ.. . အာဒံနှင့် ဧ၀ တကယ်ရှိခဲ့သည် မရှိခဲ့သည်ကို ဘယ်အရာနှင့်သက်သေပြပါမည်နည်း၊ သို့ သော်ထို အချက်သည် အက္ခရာမဟုတ်၊ စစ်မှန်သော ခ၇စ်တော်ဧ။် တရားအနှစ်သာရ၊ မေတ္တာတရားနှင့် သက်ဝင်ယုံကြည်မူတို့ ပင်…ထိုတရားဓမ္မတို့ ဧ။်အစွမ်းကြောင့်ပင် ကောင်းကင်ဘုံကိုမမြင်ရသေးခင်ကပင် ကြီးမားသော စိတ်လုံခြုံမူ ၊ အေးချမ်းမူ၊ ဘ၀ရဲ့ ချမ်းသာမူကို အမှန်တကယ်ပင်ပေးစွမ်းလျှက်ရှိသည်…သို့ ဆိုလျှင် ကမ္ဘာဦးမှ သက်သေမပြနိုင်သေးသော ဖြစ်ရပ်များအား မသိကိန်းမထားသေးသမျှ ခရစ်တော်ညွန်ပြသော ကောင်းကင်ဘုံကို မြင်နိုင်စွမ်းမည်မဟုတ် …. ထိုအရာသည်ပင် မသိကိန်းဖြစ်တော့သည်….
ငယ်ငယ်ရွယ်ရွယ်နှင့် ဟာဂျီဖြစ်လျှက်ရှိသော မောင်ငယ်လေးတဦးနှင့်သိကျွမ်းရာမှ အရွယ်နှင့်မလိုက်အောင် စောင့်စည်း၊ ထိန်းသိမ်းနိုင်သည့် သူဧ။် ကိုယ်ကျင့်သီလကိုချီးကျူးမိသည်… ထိုသို့ ကျင့်ကြံရန်ခက်ခဲသော သီလကို ပီတိအဟုန်ဖြင့် ကောင်းစွာထိန်းသိမ်းနိုင်သော သူဧ။်စိတ်အင်အားများ အဘယ်မှရပါမည်နည်း… ထိုမောင်ငယ်အနေဖြင့် မသိကိန်းများ ကျိန်းသေပေါက်ရှိနေမည်ဟု ကျွန်မ ယုံကြည်မိပါသည်… တခါတရံတွင် ထိုမသိကိန်းဧ။်အင်အားသည် အလွန်ကြီးသည်ဟု သဘောပေါက်လာမိသည်…
တကယ်လို့ ကျွန်မသာ ဗုဒ္ဓဘာသာဝင်တဦးမဖြစ်ခဲ့လျှင် free thinker တဦးဖြစ်ခဲ့မည်ဟု ခန့် မှန်းမိသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်မအနေနှင့် လွတ်လပ်မူနှင့် တရားမျှတမူကို အလွန်မြတ်နိုးသောသူတဦးဖြစ်သောကြောင့်ပင်.. မိမိပြုသော အကြောင်းတရားကြောင့် ဖြစ်ပေါ်လာသော အကျိုးအပေါ်တွင် အပြည့်အ၀ တာဝန်ယူမှသာ စစ်မှန်သော လွတ်လပ်မူနှင့် တရားမျှတမူရှိနိုင်မည်ဟု ယူဆသောကြောင့်ဖြစ်သည်…. ဗုဒ္ဓဧ။်ဝါဒအရမိမိ လက်ရှိဖြစ်သော အကျိုးတရားများသည် အတိတ်ပြုခဲ့သောအကြောင်းတရားဧ။် အကျိုးဆက်ဖြစ်ခြင်းကြောင့် ယခုလက်ရှိအကျိုးပေါ်တွင် အားငယ်အပြစ်တင်ခြင်း၊ ဘ၀င်မြင့်ခြင်းဖြစ်ရန်မလို ၊ လာလတ္တံသော အနာဂါတ်ကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးနိုင်သည့်အပြင် မိမိလွတ်မြောက်မူကိုမိမိဖာသာကြိုးစားနိုင်သည်ဟူသော အချက်ကို အလွန်သဘောကျခဲ့ခြင်းပင်… သို့ ဆိုလျှင် ကျွန်မကိုယ်တိုင် ကိုးကွယ်လျှက်ရှိသော ဘာသာတွင်လည်း ကျွန်မမသိသေးသော ၊ မသိကိန်းအဖြစ်ထားရှိရသော အကြောင်းအရာများ များစွာရှိပါသေးသည်ဟု အရိုးသားဆုံး ၀န်ခံချင်ပါသည်။
သို့ ဆိုပါလျှင် ကျွန်မကိုးကွယ်လျှက်ရှိသော ဘာသာတွင် ယခုလက်ရှိ သိပ္ပံပညာဧ။် တွေ့ ရှိချက်များအရ ယုတ္တိမတန်သောဖြစ်ရပ်အခြေအနေများစွာ၊ အကြောင်းအရာများစွာ ရှိနေသည်ကို သိရှိနေပါလျှက်၊ ခေတ်ပညာတတ်တဦးဖြစ်နေပါလျှက် ထိုအကြောင်းအရာများ ၊ ထိုအချက်အလက်များကို အဘယ်ကြောင့် စဉ်းစားတွေးခေါ်ခြင်းမပြုဘဲ၊ မသိကျိုးကျွံဖြစ်နေပါသနည်း၊ သို့ တည်းမဟုတ်ကျွန်မသည်တယူသန်ခေါင်းမာလွန်းသော ရှေးရိုးစွဲဝါဒီတစ်ဦး၊ ခေတ်နှင့်ယဉ်ဘောင်တန်းနိုင်သော အတွေးအခ်ါမရှိသည့် တဖက်ကန်းနေသည့် အစွန်းရောက်နေသူတဦးဖြစ်နေပါသလားဟု စဉ်စားဖွယ်ရှိလာပါတယ်…သို့ ဆိုလျှင် ကျွန်မသည်အမှန်တကယ်အစွန်းရောက်နေပါသလား….
ငယ်စဉ်ကထည်းက ဗုဒ္ဓဘာသာဝင်မိသားစုတွင် မွေးဖွားခဲ့ခြင်း ဖြစ်သဖြင့် ဗုဒ္ဓဘာသာဧ။် အတွေးအခေါ်ပိုင်းဆိုင်ရာ လွမ်းမိုးမူသည် ကျွန်မအပေါ်တွင် အလွန်ကြီးမားကြောင်းကိုတော့ ကျွန်မ လက်ခံပါသည်။ အမှန်စင်စစ် ကျွန်မသည် ဗုဒ္ဓကျမ်းဂန်လာတရားတော်များအား သံသယများစွာဖြင့်စတင်လေ့လာခဲ့ခြင်းပင်… သို့ သော် ဗုဒ္ဓဧ။်အာမခံချက်များအရ တရားတော်များသည်လက်တွေ့  စမ်းသပ်နိုင်၊ လက်တွေ့ ကျင့်ကြံနိုင်သော တရားများဖြစ်သည်ဟူသောအချက်က ကျွန်မအတွက် စိတ်ဝင်စားမူကို အများဆုံးပေးနိုင်ခဲ့ခြင်းဖြစ်သည်… သို့ သော် စာပေသက်သက်နှင့်တော့ ဗုဒ္ဓဧ။်ဆုံးမမူတို့ သည် ကျွန်မအပေါ်တွင် သက်ရောက်လွမ်းမိုးမူ မများခဲ့ပါ… အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓဧ။်တရားများသည် အတွေးအခေါ်တခုကဲ့သို့  ဖတ်မှတ် တွေးကြံဆရုံနှင့် သိနိုင် ၊ နားလည်နိုင်သည်မျိုးမဟုတ် … ဗုဒ္ဓဟောကြားထားသော တရားအလုံးစုံတို့ သည် ကိုယ်တိုင်ကျင့်ကြံမူတို့ ဖြင့် တိုက်စစ်လေ့လာ ကျေနပ်မှသာ သံသယတည်းဟူသော ၀ိစိကိစ္ဆာအလုံးစုံ ပယ်ပြီးသည်အထိ မပျက်သော သရဏဂုံတည်သော ဗုဒ္ဓဘာသာဝင်တဦးဖြစ်နိုင်သောကြောင့်ပင်…
သို့ ဆိုလျှင် ဘ၀သံသရာ ဆိုင်ရာ ပြဿနာ ၊ လွတ်မြောက်မူဟူသော နိဗ္ဗာန် စသည်ကို x သို့ မဟုတ် Y ဟုသဘောထားပါက ၊ ဗုဒ္ဓအဆင့်ဆင့် ညွန်ပြသော သီလ၊ သမာဓိ၊ ပညာ တည်းဟူသော လှေကားထစ်များအတိုင်း တဆင့်ချင်းတက်သွားလျှင် ယခင်မသိကိန်းထားခဲ့သော X နှင့်  Y ကို ကိုယ်တိုင်ကိုယ်ကျ သိရနိုင်မည်ဟူသော သဘောပင်… အမှန်စင်စစ် ကျွန်မကိုယ်တိုင်သည်လည်း ထို x နှင့် Y ကိုရှာဖွေဆဲပင်… ကျွန်မ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း အဓိက အကြောင်းအရင်းမှာကျွန်မ x ထားသည့် ဘ၀လွတ်မြောက်ကြောင်းကို ယခု လက်ရှိဘ၀တွင်ပင် ကျင့်ကြံပါက သိနိုင်၊ ရနိုင်မည်ဟူသော ဗုဒ္ဓဧ။်ရဲဝံ့သောအာမခံချက်ကြောင့်ပင်… အားရစရာကောင်းသည်မှာ ဗုဒ္ဓဧ။် လက်တွေ့ အားထုတ်ပုံနည်းစနစ်တို့ မှာ ကိုယ်တိုင်မကျင့်ကြံမီကမှန်းဆမိသည်ထက် မြောက်များစွာ ပိုမို စနစ်ကျ၊ လက်တွေ့ ကျလွန်းခြင်းပင်… သီလ လှေကားထစ်ကိုကျော်၍ သမာဓိ လှေကားထစ်သို့  တက်မိသောအခါ ၊ သမာဓိအဆင့်တွင် မြင်နိုင်တွေ့ နိုင် သိနိုင်သော တရားသဘောတို့ သည် စာတွင်လည်းအထင်အရှားရှိဧ။်…လက်တွေ့ အားဖြင့်လည်း အထင်အရှားသိနိုင်ဧ။်… ထူးသောသမာဓိ မျက်စိမှာ သိပ္ပံမှ နှစ်ပေါင်းများစွာ လေ့လာမှသာ သိနိုင်သော အကြောင်းအရာတို့ အား ထိုးဖောက်သိသာ မြင်နိုင်သည့်အဖြစ်ကို အံ့ဘွယ်တွေ့ နိုင်ခြင်းပင်… ထိုထက်မှ ပညာအဆင့်သို့ တက်လှမ်းနိုင်သော် ဟူသော အတွေးက အားထုတဆဲ ၊ လျောက်လှမ်းလျှက်ရှိသော လမ်းစဉ်ကိုဆက်လျောက်ရန် အားပေးပံ့ပိုးနေတော့သည်…
ကျွန်မခန့်မှန်းချက်မမှားလျှင် ယခုစာဖတ်လျှက်ရှိသော စာဖတ်သူများသည်လည်း ခေတ်ပညာတက် သိပ္ပံပညာရပ်များအား သင်ယူဖူးသူ ၊ လက်တွေ့ အသုံးချနေသူ၊ အထူးပြုလေ့လာသူများနှင့် ပြန်လည်သင်ကြားပြသနေသူများ ဖြစ်ကောင်းဖြစ်နိုင်ကြပါမည်… သို့ ဆိုပါလျှင် ထိုပညာရပ်များကို လေ့လာစဉ်က မည်သို့ လေ့လာခဲ့ပါသနည်း… သိပ္ပံဆိုင်ရာအချက်အလက်များနှင့် ဘာသာရေးနယ်ပယ်မှဗဟုသုတ ချိန်ထိုးကာ သံသယနှင့်လေ့လာခဲ့ပါသလား… သို့ တည်းမဟုတ် ယုံကြည်မူနှင့်လေ့လာခဲ့ပါသလား… ပညာရပ်တခုအပေါ်တွင် လေးစားမူမရှိပဲ လေ့လာခြင်းသည် ရိုးသားမူမရှိဟု ကျွန်မခံယူသည်… ထိုထက်မှ သိပ္ပံပညာရပ်များကို မည်သည့်စိတ်ထားနှင့် အသုံးချလျှက်ရှိပါသနည်း… သိပ္ပံပညာဧ။် သက်သေမပြနိုင်သော ကိစ္စရပ်များ ရှိနေသေးစေကာမူ တချိန်ချိန်တွင် အဖြေမှန်သိလာလိမ့်မည်ဟူသော ယုံကြည်ချက်ဖြင့် လေ့လာခဲ့ကြသည်… ထိုသို့် လေ့လာရာတွင် စဉ်းစားတွေးခေါ်ခြင်းအားဖြင့် ဖြစ်တန်ကောင်းဧ။်ဆုံးဖြတ်ခဲ့ကြခြင်းမဟုတ်၊ တွေးခေါ်ခြင်း ၊ ကိုယ်တိုင်လက်တွေ့ စမ်းသက်ခြင်းတို့ ဖြင့် ယခင်မသိခဲ့သော x နှင့် y တို့ အား အဖြေရှာခဲ့ကြခြင်းပင်… ကျွန်မသိပ္ပံပညာကိုလေးစား အထင်ကြီးသောအကြောင်းတခုမှာ သူဧ။်မှန်ကန်မူအတွက် လက်တွေ့ ကျကျသက်သေ ပြပေးနိုင်ခြင်းပင်…
မသိကိန်းများနှင့်မကင်းနိုင်ကြသော ယုံကြည် ကိုးကွယ်မူအမျိုးမျိုးတွင် မိမိလက်ခံသော ၀ါဒ အယူအဆကို လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်ကို လူသားတိုင်းအပြည့်အ၀ရှိသည်ဟု ယူဆမိသည်…ထိုနေရာတွင် လွတ်လပ်မူဟူသော အသုံးအနှုန်းတွင် လေးစားမူနှင့် တာဝန်ယူမူဟူသော ဝေါဟာရကို ထည့်သွင်းပေါင်းစပ်ပါမှ ထို လွတ်လပ်မူဧ။် အဓိပ္ပါယ်သည် ပိုမိုအသက်ဝင်ပီပြင်မည်ဖြစ်သည်… လေးစားမူဟူသော အချက်မှာ .. မိမိကိုယ်တိုင်မသိကိန်းရှိနေပါလျှက် အခြားသူဧ။်မသိကိန်းကို ဇွတ်အတင်းဖြေရှင်းခိုင်းခြင်းသည် မတွက်ရသေးသော ပုစ္ဆာအဖြေကိုမေးသကဲ့သို့ အင်မတန်အမှီးအမောက်မတည့်သော ကိစ္စရပ်ပင်… ထိုကြောင့်ပင် မိမိမသိကိန်းကိုလေးစားသကဲ့သို့ …အခြားသူဧ။်မသိကိန်းကိုလည်း လေးစားရမည်… မိမိကိုယ်တိုင်မတွက်ဖူးသော equation တခုအား အဖြေကွက်မေးကာ မှားပါသည်ဟု ပြောခြင်းသည် အဓိပ္ပါယ်မရှိ….
တာဝန်ယူမူဟူသည် မိမိတွက်သော equation သည် တချိန်တွင် x နှင့် y ကို အမှန်တကယ် ရနိုင်မည်ဟူသော အာမခံချက်ရှိသော equation သာဖြစ်ရမည်… မစူးစမ်းမဆင်ခြင်ပဲ ဇွတ်ယုံခြင်း၊ လက်တွေ့ စမ်းသပ်မူမရှိပဲ လက်ခံခြင်းသည် လူသားဧ။်တိုးတက်မူကို အကြီးကျယ်ဆုံးဟန့် တားမူတခုဖြစ်သဖြင့် လူပီသသော ၊ လူဘောင်အဖွဲအစည်းကိုတာဝန်ကျေလိုသော လူသားတဦးအနေဖြင့် မိမိယုံကြည်ထားသော အမှန်တရားရှာဖွေမူခရီးစဉ်ကို မဖြစ်မနေလျှောက်လှမ်းရမည်မှာ သမိုင်းပေးတာဝန်ပင်… မိမိမသိသေးသောအရာတခုအား ယာယီအားဖြင့် x နှင့် y ဟုသဘောထားကာ မိမိ သိအိုရီနှင့် ဘောင်ဝင်အောင် တွက်ချက်နိုင်ပါသည်… သို့ သော် ထို x နှင့် y သည် မိမိအသိဥာဏ်အား ဖုံးကွယ်ထားသော မိမိကိုယ်ကို အယုံသွင်းခြင်းမျိုးမဖြစ်စေရ… ထိုအမှန်တရားကို တာဝန်သိသိဖြင့် ရှာဖွေပေးရမည်….အားလုံးပဲ မိမိ ရဲ့ x နှင့် y ကို ရှာတွေ့ နိုင်ကြပါစေ…..
for Ref: yahoo answer
Atheist: Doesn't believe in Gods
Freethinker: Doesn't believe in dogmatic adherence to beliefs.
They are two non-identical, intersecting sets.
By that I mean there are atheists who aren't freethinkers, atheists who are freethinkers, and freethinkers who aren't atheists.
http://answers.yahoo.com/question/index?qid=20071019080528AAWf5xo
--
လေပြင်းတွေ လာခြွေလို့ သေမင်းဆီ ငါကြွေသွားရင်တောင် အ၀ါရည်ကို စုပ်ခဲ့တဲ့ နှုတ်ခမ်းနဲ့ မြာတွေကို နှုတ်ဆက်နမ်းခဲ့မယ်။
No comments:
Post a Comment